按 Enter 到主內容區
:::

回培力新住民資訊網首頁

ကျန်းမာရေးစောင့်ရှောက်မှု
:::

အဆုတ်ကင်ဆာ စစ်ဆေးရန် တိုက်တွန်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်၊ အရည်အချင်း ကိုက်ညီမှုရှိသူတစ်ယောက်အနေဖြင့် လုပ်ဆောင်ပြီးပြီလား။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/08/23
  • 點閱次數:59

အဆုတ်ကင်ဆာဟာ ကမ္ဘာတဝှမ်းမှာ ကင်ဆာရောဂါကြောင့် သေဆုံးရတဲ့ အဓိက ကင်ဆာရောဂါ တစ်မျိုးဖြစ်ပါတယ်။  ကျွန်ုပ်တို့နိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း အဆုတ်ကင်ဆာ ရောဂါကြောင့် သေဆုံးမှုနှုန်းက လူ အယောက်ပေါင်း တစ်သိန်းမှာ ၂၁.၈ ဦး ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ လူ အယောက်ပေါင်း တစ်သိန်းမှာ ၂၆.၀ ဦးနှင့် နှိုင်းယှဥ်မယ်ဆိုရင် ၁၆.၂% ကျဆင်းသွားတယ်ဆိုပေမယ့် ထိုင်ဝမ်၏ ကင်ဆာရောဂါကြောင့် သေဆုံးရတဲ့ ကင်ဆာရောဂါအမျိုးအစားတွေထဲမှာ ပထမနေရာ မှာရှိနေဆဲ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း မြင့်မားနေရခြင်းဟာ သူရဲ့ အစောပိုင်းလက္ခဏာတွေကို ထင်ရှားစွာ တွေ့မြင်ရခြင်း မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ ရောဂါဖြစ်ပွားသူတစ်ဝက်က ဆေးကုသမှုခံယူတဲ့အခါ ကင်ဆာအဆင့် စတုတ္ထအဆင့် (နောက်ဆုံးအဆင့်)မှာသာ တွေ့ရှိရပြီးတော့ ၅ နှစ်အတွင်း အသက်ရှင်သန်နှုန်းမှာ ၁၀ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ အကယ်လို့ စောစီးစွာ တွေ့ရှိရတယ်ဆိုပါက ၅ နှစ်အတွင်း အသက်ရှင်သန်နှုန်းမှာ ၉၀% ကျော်အထိ ရှိနိုင်ပါတယ်။

အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားတဲ့ အုပ်စုများအတွက် အဆုတ်ကင်ဆာကို စောစီးစွာ သိရှိနိုင်ရန်အတွက် ကူညီပေးလျက် ရှိပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ အဆုတ်ကင်ဆာစစ်ဆေးခြင်း ဝန်ဆောင်မှုကို စတင်ခဲ့ပြီးကတည်းက ကျွန်ုပ်တို့ နိုင်ငံရဲ့ ပဥ္စမမြောက် ကင်ဆာစစ်ဆေးမှု စီမံကိန်း(ပရောဂျက်) တစ်ရပ် ဖြစ်လို့လာပါတယ်။ အမျိုးသားကျန်းမာရေးဝန်ကြီးဌာနက ကင်ဆာစစ်ဆေးမှုကို ကိုင်တွယ်ရာတွင် ယခင် လေးကြိမ်ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံအရ ဆေးလိပ်ဖြတ်ခြင်း၊ စစ်ဆေးခြင်း၊ နောက်ဆက်တွဲနှင့် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းစသည်တို့ကို ပေါင်းစပ်ထားပြီး အများပြည်သူ လူကြိုက်များသော၊ အဆင်ပြေသော၊ ကျွမ်းကျင်သောစတဲ့ ထူးခြားအရည်အသွေးတွေ ပါရှိတဲ့ ကင်ဆာစစ်ဆေးခြင်း ဝန်ဆောင်မှုကို တည်‌ထောင်ခဲ့ပြီး အများပြည်သူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။


ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသော အုပ်စုများကို စစ်ဆေးရာတွင် ဆေးလိပ်ဖြတ်ခြင်းကိုပါ ထည့်သွင်းထားခြင်းက ပို၍ ကောင်းမွန်လုံခြုံပါတယ်

လက်ရှိ အမျိုးသားကျန်းမာရေးဝန်ကြီးဌာနက ဓါတ်ရောင်ခြည်နိမ့် CT scan (LDCT) ဖြင့် အဆုတ်ကင်ဆာကို စစ်ဆေးရာမှာ ထောက်ပံ့ကြေးပေးခြင်းကို လက်ခံရရှိမယ့်သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မိသားစုတွင် အဆုတ်ကင်ဆာရာဇဝင်ရှိသူများ - အသက် ၅၀ မှ ၇၄ နှစ်အတွင်း အမျိုးသားများ သို့မဟုတ် အသက် ၄၅ မှ ၇၄ နှစ်အတွင်း အမျိုးသမီးများ (သူတို့၏ မိဘ၊ သားသမီး သို့မဟုတ် ညီအစ်ကိုမောင်နှစ်မ တစ်ဦးဦးတွင် အဆုတ်ကင်ဆာဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိထားသောသူများ)။

ဆေးလိပ် အလွန်အကျွံသောက်သုံးသူများ - အသက် ၅၀ မှ ၇၄ နှစ်အတွင်း၊ ထို့အပြင် ဆေးလိပ်သောက်သုံးသည့် ရာဇဝင်၊ ဘူး ၃၀ - နှစ် (မှတ်ချက်) နှင့်အထက်၊ ဆေးလိပ်ဖြတ်ထားသည့် နှစ် ၁၅ နှစ်အောက်ဖြစ်သော ဆေးလိပ်အလွန်အကျွံသောက်သုံးသူများ။

အထက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်မီသူများ မည်သူမဆို အဆုတ်ကင်ဆာစစ်ဆေးခြင်းတွင် ပါဝင်နိုင်ပြီး အဆုတ်ကင်ဆာစစ်ဆေးမှုအတွက် သဘောတူလက်မှတ်ရေးထိုးထားသော ဆေးရုံများသို့ သွားရောက်ပြီး အဆုတ်ကင်ဆာနှင့် ပတ်သက်သော စုံစမ်းမေးမြန်းခြင်းနှင့် စစ်ဆေးမှုအတွက် ရက်ချိန်းယူခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။ လက်ရှိ တစ်နိုင်ငံလုံးရှိ ခရိုင်၊ မြို့ ၂၂ ခုတွင် သဘောတူလက်မှတ်ရေးထိုးထားသော ‌ဆေးရုံများ‌ပေါင်းမှာ ၁၆၇ ရုံ ရှိပြီး အများပြည်သူများအနေဖြင့် နီးစပ်ရာဆေးရုံများသို့ သွားရောက်ပြီး စစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါတယ် (စစ်ဆေးမှုကို လက်သင့်ခံသော ဆေးရုံစာရင်းနှင့် ဆက်သွယ်ရန်အချက်အလက်များ)။ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေကို လုပ်ဆောင်ရာတွင် CT scan များကို အသုံးပြုပြီး စစ်ဆေးရသည့်အတွက် မလိုအပ်ဘဲ ဆေးဘက်ဆိုင်ရာ သုံးစွဲမှုပမာဏ  များပြားခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဆေးရုံတစ်ခုစီတိုင်း၏ စစ်ဆေးခြင်းဆိုင်ရာ ဝန်ဆောင်မှုကို နေ့စဥ်ပေးစွမ်းနိုင်တဲ့ လူဦးရေ ကန့်သတ်ချက်တွေ ရှိပါတယ်။ အဲဒီအတွက် အခုဆေးရုံရောက် အခုကဲ့သို့ချက်ချင်းစစ်ဆေးခြင်းမျိုးကို မလုပ်ဆောင်နိုင်ပါ။ အဲဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံကို အချည်းနှီးသွားခြင်းမျိုး မဖြစ်စေရန် ဆေးရုံသို့ သွားရောက်စစ်ဆေးခြင်း မပြုမီ ကြိုတင်ဖုန်းဆက်ပြီး ရက်ချိန်းယူပေးကြပါရန် အကြံပြုထားပါတယ်။ စစ်ဆေးမှုကို လာရောက်ခံယူကြမည့် သူများအနေဖြင့် မိမိသည် ဆေးလိပ်သောက်သုံးနေဆဲသူဖြစ်ပါက စစ်ဆေးမှု မပြုလုပ်မီ ကျွန်ုပ်တို့ ဌာန၏ အထူး‌အေဂျင်စီတစ်ခုမှ ပေးစွမ်းသည့် ဆေးလိပ်ဖြတ်ရေးဝန်ဆောင်မှုကို မဖြစ်မနေ လက်ခံရမည်ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးခြင်းသည် ကင်ဆာရောဂါဖြစ်ပွားမှုကို တားဆီးနိုင်ခြင်းမရှိတဲ့အတွက် ကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းများနှင့် ဝေးဝေးနေခြင်းသည်သာ မိမိ၏ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်းကိုလည်း နှိုးဆော်ထားပါတယ်။


ရိုးရိုးရှင်းရှင်း ၅ မိနစ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်ဆေးမှုအဆင့်ဆင့်ကို လုပ်ဆောင်ရာတွင် ပို၍ လွယ်ကူအဆင်ပြေပါတယ်

အများပြည်သူအနေဖြင့် စစ်ဆေးမှုကို မခံယူမီ LDCT အဆုတ်ကင်ဆာ စစ်ဆေးခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဗီဒီယိုကို ဦးစွာ ကြည့်ရှုရမည် ဖြစ်ပါတယ်။ ထို့အပြင် ဆေးရုံမှ စစ်ဆေးမှုရည်ရွယ်ချက်၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်၊ စစ်ဆေးပြီးနောက် လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း အသိပေးပါမယ်။ အများပြည်သူများအား စစ်ဆေးခြင်းရဲ့ အကျိုးကျေးဇူးများကို အမှန်တကယ် သိရှိနားလည်စေရန် ပြောပြပေးသွားမှာဖြစ်သလို အများပြည်သူများ နားလည်ခြင်းမရှိသော အခြေအနေမျိုးတွင် ဖြစ်ပေါ်လာတတ်သော စိတ်ပိုင်းဆိုင်ရာ ဖိအားများနှင့် မလိုလားအပ်သော ထိတ်လန့်မှုများကို လျှော့ချပေးနိုင်ရန် ဖြစ်ပါတယ် (လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ရုပ်ပုံမှာ ပုံပါအတိုင်း ဖြစ်ပါတယ်)။ စစ်ဆေးမှုကို မခံယူမီ အများပြည်သူများအနေဖြင့် အစာရှောင်ရန် မလိုအပ်ပါ။ ပုံရိပ်ဖော်ဆေး (contrast material) ထိုးနှံခြင်း မလိုအပ်ပါ။ စစ်ဆေးမှု အချိန်မှာ ၅ မိနစ်ထက်နည်းပြီး ဓာတ်ရောင်ခြည်မှာလည်း CT scan ရဲ့ ငါးပုံတစ်ပုံသာ ဖြစ်ပါတယ်။ အများပြည်သူများအနေဖြင့် CT scan လုပ်ဆောင်ပေးတဲ့ ကုတင်ပေါ်မှာ လဲလျောင်းပြီး ဓာတ်မှန်ဆရာဝန်က ပြောဆိုတဲ့ နည်းအတိုင်း အသက်ပြင်းပြင်းရှူပြီး အသက်ခဏအောင့်ပေးထားရုံနဲ့ ဤစစ်ဆေးမှုလုပ်ငန်းစဥ်ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်ဆေးမှုပြီးတဲ့နောက် ဤအကြိမ်စစ်ဆေးမှုရဲ့ LDCT ဓာတ်မှန်တွေကို ဓာတ်မှန်ဗေဒပညာရှင်တွေထံ အဆုတ်အတွင်း သံသယဖြစ်ဖွယ်ဒဏ်ရာများကို ရှာဖွေထုတ်ဖော် ပေးဖို့အတွက် ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။ အကယ်လို့ သံသယဖြစ်ဖွယ် အကျိတ်များ တွေ့ရှိခြင်း မရှိပါက ဆေးရုံမှ စစ်ဆေးမှုရလဒ်များကို အစီရင်ခံစာတစ်စောင် ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။ အကယ်လို့ ပုံမှန်မဟုတ်တဲ့ ဒဏ်ရာဟု သံသယရှိပါက ဆေးရုံမှ ၆ ပတ်အတွင်း ပြည်သူများထံ ဆက်သွယ်ပြီး မူလစစ်ဆေးမှု ခံယူသည့် ဆေးရုံသို့ ဆေးကုသမှု လာရောက်ခံယူစေမှာ ဖြစ်ပါတယ်။ အဆုတ်လည်ချောင်းသမားတော်အနေနဲ့ မျက်နှာချင်းဆိုင် အစီရင်ခံစာကို ရှင်းပြပေးမှာ ဖြစ်ပြီး ဖြစ်နိုင်ခြေများကို အကဲဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် အဆက်မပြတ် နောက်ဆက်တွဲများလုပ်ငန်းစဥ်များ၊ ဒါမှမဟုတ် နောက်ထပ်ရောဂါရှာဖွေရေးလုပ်ငန်းစဥ်များကို လုပ်ဆောင်ရမည်ဆိုတာကို အကြံပေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။


စစ်ဆေးမှုတွင် မူမမှန်သည်များကို တွေ့ရှိရပါက ဆရာဝန်၏ အကြံဉာဏ်များကို နားထောင်ပေးပါ။ အဆုတ်ကို ဂရုစိုက်ရမည့် နည်းလမ်း ၄ မျိုး - “ဖြတ်တောက်ခြင်း ၊ ကာကွယ်ခြင်း ၊ သတိထားခြင်း ၊ စစ်ဆေးခြင်း”

အဆုတ်ကင်ဆာ စစ်ဆေးမှု လုပ်ဆောင်ခြင်း တစ်နှစ်အပြီးမှာ အဆုတ်ကင်ဆာဖြစ်ပွားသူ ၅၃၁ ဦးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲမှာမှ အစောပိုင်းကာလ (၀ နှင့် ၁ အဆင့်)  ဟာ ၈၅.၁% (၄၅၂ ဦး) ရှိပါတယ်။ ဒါကလည်း အဆုတ်ကင်ဆာ စစ်ဆေးမှုဟာ စောစီးစွာ သိရှိနိုင်မှုအပိုင်းမှာ အထောက်အကူဖြစ်စေကြောင်းကို အတည်ပြုနိုင်တာပဲ ဖြစ်ပါတယ်။ သို့သော်လည်း ကင်ဆာစစ်ဆေးမှုဟာ ရောဂါဒဏ်ရာများကို သိရှိနိုင်တဲ့ ကိရိယာတစ်ခုသာဖြစ်တဲ့အတွက်  အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ကြီး ဝူကျောင်ကျွင်းမှ စစ်ဆေးမှုပြီးနောက် သံသယဖြစ်ဖွယ် မူမမှန်ခြင်းများရှိပါက နောက်ဆက်တွဲအခြေအနေများ သို့မဟုတ် ရောဂါရှာဖွေနိုင်ရေးတို့အတွက် ဆရာဝန်ရဲ့ အကြံပေးချက်တွေကို လိုက်နာကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒါမှသာလျှင် စစ်ဆေးမှု၏ “စောစီးစွာသိရှိနိုင်မှု၊ စောစီးစွာကုသမှု” စတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပြီး ရောဂါအသိနှောင့်နှေးခြင်းမှ ရှောင်ကြဥ်နိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီး ဝူကျောင်းကျွင်းမှလည်း စစ်ဆေးမှုဟာ ကင်ဆာကို မကာကွယ်နိုင်သည့်အတွက် မိမိကိုယ်ကို ဂရုစိုက်ရမည်ဖြစ်ပြီး ကျန်းမာသောနည်းလမ်းများကို ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်းကိုလည်း သတိပေးပြောကြားထားပါတယ်။ ထို့အပြင် အဆုတ်ကို ဂရုစိုက်ရမည့် နည်းလမ်း ၄ မျိုး - “ဖြတ်တောက်ခြင်း ၊ ကာကွယ်ခြင်း ၊ သတိထားခြင်း ၊ စစ်ဆေးခြင်း” ကိုလည်း အသိပေးပြောကြားထားပါတယ်။

ဖြတ်တောက်ခြင်း (ဆေးလိပ်ဖြတ်ခြင်း) - ဆေးလိပ်ဖြတ်ပြီး ဆေးလိပ်အန္တရာယ်မှ ကင်းကင်းဝေးဝေး နေထိုင်ပါ။

ကာကွယ်ခြင်း (ကြိုတင်ကာကွယ်ခြင်း) - မိမိအနီးပတ်ဝန်းကျင်ရှိ မိတ်ဆွေသူငယ်ချင်းများအား ဆေးလိပ်ဖြတ်ရန် တိုက်တွန်းပါ။ ထို့အပြင် တစ်ပတ်ရစ် ဆေးလိပ်မီးခိုးငွေ့များနှင့် ထိတွ့ခြင်းမှ ရှောင်ကြည်ပါ။ ဆီမီးခိုးငွေ့နှင့် လေထုညစ်ညမ်းမှုကဲ့သို့သော အန္တရာယ်များနှင့် ကြို့တွေ့ရပါက မိမိကိုယ်ကို ကာကွယ်ရမည် ဖြစ်ပါတယ်။

သတိထားခြင်း (လက္ခဏာများကို သတိထားခြင်း) - ရုပ်ပိုင်းဆိုင်ရာ အသိပေးလက္ခဏာများ (အဆက်မပြတ် ချောင်းဆိုးခြင်း၊ ချောင်းဆိုးသလိပ်ထွက်သည့်အခါ သွေးစပါခြင်း သို့မဟုတ် သွေးချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်း၊ အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်အောင့်သည့်အပြင် အခြေအနေ ပို၍ဆိုးဝါးလာခြင်း၊ အသံဝင်ခြင်း၊ အရိုးနှင့် အဆစ်များ နာကျင်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်း အပါအဝင်) စသည်တို့ကို သတိထားမိပါက တတ်နိုင်သမျှ အမြန်ဆုံး ဆေးကုသမှုခံယူခြင်းကို လုပ်ဆောင်ရမည် ဖြစ်ပါတယ်။

စစ်ဆေးခြင်း (ရောဂါစစ်ဆေးခြင်း) - ခန္ဓာကိုယ်တွင် မူမမှန်မှုများအပြင် အဆုတ်ကင်ဆာအတွက် စစ်ဆေးရန် အခြေအနေများနှင့် ကိုက်ညီမှုရှိသူများအနေဖြင့် အဆုတ်ကင်ဆာရောဂါ၏ ခြိမ်းခြောက်မှု အန္တရာယ်မှ လျှော့ချနိုင်ရန် တတ်နိုင်သမျှ အမြန်ဆုံး စစ်ဆေးကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ဂရုစိုက်တဲ့အပြင် အနီးပတ်ဝန်းကျင်ရှိ စစ်ဆေးမှု ခံယူရန် အခြေအနေနှင့် ကိုက်ညီမှုရှိသူများကို “အဆုတ်ကင်ဆာစစ်ဆေးခြင်း၊ စစ်ဆေးခြင်းဖြင့် ကာကွယ်ခြင်း” စသည့်နည်းဖြင့် အဆုတ်ကင်ဆာရောဂါ၏ ခြိမ်းခြောက်မှု အန္တရာယ်မှ လျှော့ချနိုင်ရန် တတ်နိုင်သမျှ အမြန်ဆုံး စစ်ဆေးကုသမှု ခံယူရန် သတိပေး ပြောကြားပေးပါ။


မှတ်ချက် - ဘူး-နှစ် - တစ်နေ့လျှင် ပျမ်းမျှ သောက်သုံးသည့် ဆေးလိပ်ဘူး * ဆေးလိပ်သောက်သုံးသည့် နှစ် (ဥပမာ။ ။ တစ်နေ့လျှင် ၁ ဘူး ၊ စုစုပေါင်း ဆေးလိပ်သောက်သည့်နှစ်အရေအတွက် ၃၀ နှစ် ၊ သို့မဟုတ် တစ်နေ့လျှင် ၁.၅ ဘူး ၊ စုစုပေါင်း ဆေးလိပ်သောက်သည့်နှစ်အရေအတွက် ၂၀ နှစ် ၊ နှစ်ခုလုံးသည် ၃၀ ဘူး - နှစ် ) ဖြစ်ပါတယ်။


top