按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ဒီဇင်ဘာလ ၁ ရက်နေ့ ဆောင်းရာသီကာလ ကပ်ရောဂါကာကွယ်ရေးအထူးအစီအစဉ် စတင်၊ ပြည်သူလူထုနှင့် ဆေးရုံဆေးခန်းများ သက်ဆိုင်ရာအစီအမံ၌ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် ပန်ကြား

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/11/25
  • 點閱次數:468

ဆောင်းရာသီကာလသို့ စတင်ဝင်ရောက်ချိန်ဖြစ်ပြီး တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ဆက်တိုက်မြင့်မားလျက်ရှိကြောင်း၊ နိုင်ငံများစွာ၏ တစ်ရက်ချင်း အတည်ပြုလူနာအရေအတွက် စံချိန်တင်များပြားလျက်ရှိပြီး ထိုင်ဝမ် ပြင်ပမှ ဝင်ရောက်လာမှုများလည်း တိုးလာမည့်အလားအလာ ရှိကြောင်း၊ ပြည်တွင်းရှိ လူနေရပ်ကွက်များသို့ ရောဂါပြန့်ပွားနိုင်မှု လျှော့ချရန်နှင့် ဆေးကုသရေးစနစ်အား ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် “ဆောင်းရာသီကာလ ကပ်ရောဂါကာကွယ်ရေးအထူးအစီအစဉ်” စတင်၍ “နယ်စပ် ကပ်ရောဂါစစ်ဆေးရေး” ၊ “လူနေရပ်ကွက် ကပ်ရောဂါကာကွယ်ရေး” နှင့် “ဆေးကုသမှု အခြေအနေအလိုက်တုံ့ပြန်ရေး” အစီအမံများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ရာ ပြည်သူလူထုနှင့် ဆေးရုံဆေးခန်းများမှ ပူးပေါင်းပါဝင်အကောင်အထည်ဖော်ဆောင်ကြရန် ပန်ကြားကြောင်း ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာ (Central Epidemic Command Center) က ယနေ့ (၁၈ ရက်နေ့) ၌ ပြောကြားသည်။ 


၁။ “နယ်စပ် ကပ်ရောဂါစစ်ဆေးရေး” - ပြည်ဝင်သူနှင့် လေယာဉ်တစ်ဆင့်ပြောင်းလဲ စီးနင်းသူ ခရီးသည်အားလုံး လေယာဉ်ပေါ်မတက်မီ ၃ ရက်အတွင်းစစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှု (Nucleic Acid Test) ရောဂါပိုးမရှိကြောင်းဆေးစစ်ချက် ပူးတွဲတင်ပြရမည်။


နိုင်ငံတကာကပ်ရောဂါအခြေအနေ ဆက်တိုက်ပြင်းထန်လျက်ရှိပြီး ယခုနှစ်ကုန်နှင့် လာမည့်နှစ်ဆန်းတွင် ပြည်ဝင်ခရီးသည်အရေအတွက် တိုးများလာမည်ဟု ခန့်မှန်း ရကြောင်း၊ ကပ်ရောဂါကာကွယ်ရေးကို မြှင့်တင်ရန်အတွက် ဒီဇင်ဘာလ ၁ ရက်နေ့မှ လာမည့်နှစ် (၂၀၂၁ ခုနှစ်) ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (ခရီးစဉ်စတင်သည့်နိုင်ငံ၏ ဒေသစံတော်ချိန်) ထိုင်ဝမ်လေဆိပ်သို့ ဝင်ရောက်သည့်၊ သို့မဟုတ် ထိုင်ဝမ်လေဆိပ် မှတစ်ဆင့် လေယာဉ်ပြောင်းလဲစီးနင်းသည့် ခရီးသည်များ၊ မည်သူမည်ဝါ (ထိုင်ဝမ် နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသား စသဖြင့်) သို့မဟုတ် မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုင်ဝမ်သို့လာရောက်ခြင်း (ပညာလာရောက်သင်ယူခြင်း၊ အလုပ်လာရောက်လုပ်ကိုင်ခြင်း၊ သံတမန်ရေးရာ စသဖြင့်) ဖြစ်စေ၊ “ခရီးစဉ် အချိန်ဇယားစာရွက်၌ သတ်မှတ်ထားသည့် လေယာဉ်ပေါ်သို့ တက်ရောက်ရမည့်အချိန် မတိုင်မီ ၃ ရက် (အလုပ်တက်ရက်) အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှု (Nucleic Acid Test) ရောဂါပိုးမရှိကြောင်းဆေးစစ်ချက်” ပူးတွဲတင်ပြ၍ လေယာဉ်စီးနင်းပြီး ထိုင်ဝမ်သို့ လာရောက်နိုင်ကြောင်း၊ ၎င်းကို ပို့ဆောင်ရေးဝန်ကြီးဌာန (Ministry of Transportation and Communications) မှ လေကြောင်းလိုင်းကုမ္ပဏီအသီးသီးသို့ နှိုးဆော်လမ်းညွှန်၍ အတည်ပြုမည်ဖြစ်ကြောင်း၊ ခရီးသည်များ ထိုင်ဝမ်သို့ရောက်ရှိပြီးမှ ဆေးစစ်ချက် မမှန်ကန်ကြောင်း တွေ့ရှိခြင်း၊ သို့မဟုတ် သက်ဆိုင်ရာ ကပ်ရောဂါစစ်ဆေးရေး အစီအမံများအား ငြင်းဆန်ခြင်း၊ ရှောင်ရှားခြင်း၊ သံသယဝင်ခြင်းတို့ ပေါ်ပေါက်ပါက ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဥပဒေ (Communicable diseases Control Act) ပုဒ်မ ၅၈ နှင့် ပုဒ်မ ၆၉ တို့အရ ထိုင်ဝမ်ငွေ ၁ သောင်းမှ ၁၅၀၀၀၀ အထိ ဒဏ်ငွေချမှတ် အရေးယူမည်ဖြစ်ကြောင်း၊ ဆေးစစ်ချက် မမှန်ကန်မှုအတွက် စာရွက်စာတမ်းအတုပြု လုပ်ပုံနှိပ်မှုဖြင့် ရာဇဝတ်မှုဆိုင်ရာ အရေးယူမည်ဖြစ်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။


“ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှု (Nucleic Acid Test) ရောဂါပိုးမရှိကြောင်း ဆေးစစ်ချက်” သည် ခရီးစဉ်စတင်ရာနိုင်ငံ၏ အစိုးရအဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် ထူထောင်ထားသည့် ဆေးရုံဆေးခန်းမှ ထုတ်ပေးသည့် ဆေးစစ်ချက် ဖြစ်ရန်လိုကြောင်း၊ မူအားဖြင့် အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ သို့မဟုတ် တရုတ်-အင်္ဂလိပ်နှစ်ဘာသာပူးတွဲ ဖြစ်ရန်လိုကြောင်း၊ ဆေးစစ်ချက်အကြောင်းအရာ၌ “လေယာဉ်စီးနင်းသူ၏ နိုင်ငံကူး လက်မှတ်ပါ အမည်” ၊ “မွေးသက္ကရာဇ် (သို့မဟုတ် နိုင်ငံကူးလက်မှတ် နံပါတ်)” ၊ “ရယူစစ်ဆေးသည့်နေ့နှင့် ဆေးစစ်ချက်ထုတ်သည့်နေ့” ၊ “ရောဂါအမည်” ၊ “စစ်ဆေး သည့်နည်းလမ်း” နှင့် “ဆေးစစ်ချက်အား ကောက်ချက်ချ ဖတ်ရှုသည့်ရလဒ်” စသဖြင့် ပါရှိရမည်ဖြစ်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။ သက်ဆိုင်ရာတွဲဖက် အစီအမံများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ပြင်သစ်ဘာသာ နှင့် စပိန်ဘာသာ စသဖြင့် တရုတ်ဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် မဟုတ်သည့် စာရွက်စာတမ်းများ၌ “ခရီးစဉ်စတင်ရာနိုင်ငံ၏ ရုံးသုံးဘာသာစကား” ဖြစ်ပြီး လေကြောင်းလိုင်းကုမ္ပဏီ၏ ခရီးစဉ်စတင်ရာနိုင်ငံမှ မြေပြင်ဝန်ထမ်းက ဆေးစစ်ချက်ပါအကြောင်းအရာကို အတည်ပြုနိုင်ပါက လက်ခံရန် သဘောတူပါသည်။


(၂) ခရီးစဉ်အချိန်ဇယားစာရွက်၌ သတ်မှတ်ထားသည့် လေယာဉ်ပေါ်သို့တက်ရောက်ရမည့် အချိန် မတိုင်မီ “၃ ရက် အတွင်း” ဆေးစစ်ရမည့် နေ့ရက်နှင့်စပ်လျဉ်း၍ “ဆေးစစ်ချက်ရက်စွဲ” နှင့် “အလုပ်တက်ရက်” ဖြင့် တွက်ချက်ရာ သက်ဆိုင်ရာဒေသအစိုးရ၏ အစိုးရရုံးပိတ်ရက် ကို ဖယ်ရှားနိုင်ပါသည်။ 


(၃) ဆေးစစ်ချက်ကို စာရွက်ဖြင့် (မူရင်း/မိတ္တူ) သို့မဟုတ် ဆော့ဖ်ကော်ပီ (soft copy) ပုံစံဖြင့် တင်ပြနိုင်သည်။ သို့သော် အကြောင်းအရာရှင်းလင်းပြတ်သားရန်လိုအပ်ပြီး လိုအပ် ချက်များကို စိစစ်မှုခံယူကာ ပြည့်စုံ အမှားကင်းရမည်။


(၄) စစ်ဆေးရာ၌ မော်လီကျူးဇီဝဗေဒ ရောဂါပိုးရှိမရှိစစ်ဆေးမှု “Nucleic Acid Test” နည်းလမ်း အသုံးပြုရမည်။ (ဥပမာ - ပီစီအာ “PCR” ၊ အာတီ-ပီစီအာ “RT-PCR” ၊ အန်အေအေ အန်အေတီ “NAA NAT” စသဖြင့်) ခုခံအားဗေဒ (Immunoserology) အန်တီဂျန် (Ag) သို့မဟုတ် အန်တီဘော်ဒီ (IgG သို့မဟုတ် IgM) စစ်ဆေးမှုများမှာ ဤအစီအမံ၏ သတ်မှတ်ချက်နှင့် မကိုက်ညီပါ။ 


၂။ လူနေရပ်ကွက် ကပ်ရောဂါကာကွယ်ရေး - နေရာရှစ်နေရာသို့ ဝင်ထွက်သွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်ပါ။ နားချလမ်းညွှန်မှုကို နားမထောင်ပါက ဥပဒေအရ အရေးယူမည်။


ဆောင်းရာသီကာလ၌ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအမျိုးမျိုးလည်း ဖြစ်ပွားနိုင်ပြီး ဆေးကုသရေးစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးနှင့် စီစဉ်နေရာချထားမှု ဆိုင်ရာဖိအားများ ပိုမိုဖြစ်စေနိုင်မည်ကို ထည့်သွင်းစဉ်းစား၍ လည်းကောင်း၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောရောဂါများ ကူးစက် ပြန့်ပွားမှုအား လျှော့ချရန်နှင့် ဆေးကုသရေးအရင်းအမြစ်များ အလွန်အမင်း အသုံးပြုရခြင်းကို ရှောင်ရှားရန်အတွက် ကူးစက်မှုအန္တရာယ်များပြားသည့် နေရာများ၌ ပြည်သူလူထု၏ နှာခေါင်းစည်းတပ်ဆင်နှုန်းကို မြှင့်တင်ရန်လည်းကောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ပြည်သူလူထုအား “ဆေးကုသစောင့်ရှောက်မှုဌာန၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်၊ ဈေးဝယ်ရန်နေရာ၊ စာသင်ကျောင်း၊ ပြပွဲ နှင့် ပြိုင်ပွဲ၊ ဖျော်ဖြေရေးနေရာ၊ ဘာသာရေးကျောင်း၊ လုပ်ငန်းကိစ္စဆွေးနွေးပွဲ” စသည့် နေရာကြီး ရှစ်နေရာ (ဥပမာပေးသည့် နေရာများ ပူးတွဲဇယားတွင် ပါရှိသည်) သို့ သွားလာရာ၌ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် တောင်းဆိုကြောင်း၊ သတ်မှတ်ချက်အတိုင်း နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိဘဲ နားချလမ်းညွှန်မှုကို နားမထောင်ပါက ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဥပဒေ (Communicable diseases Control Act) ပုဒ်မ ၃၇ (က) (၆) အရ ဒေသခံအစိုးရမှ ထိုင်ဝမ်ငွေ ၃၀၀၀ နှင့်အထက်မှ ၁၅၀၀၀ အောက်အထိ ဒဏ်ငွေချမှတ်မည်ဖြစ်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။


အထက်ပါနေရာများ၌ လူအချင်းချင်း ခပ်ခွာခွာနေထိုင်ပြုမူရန် မလွယ်ကူခြင်း၊ သို့မဟုတ် အထူးသတ်မှတ်ထားသူမဟုတ်သူ (မသိကျွမ်းသူ) နှင့် နီးနီးကပ်ကပ် ထိတွေ့မိနိုင်ခြင်း စသဖြင့် ထူးခြားချက်များ ရှိခြင်းကြောင့် ကူးစက်ခြင်းနှင့် ပြန့်ပွားခြင်းအန္တရာယ် မြင့်မားကြောင်း၊ ထို့ကြောင့် ၎င်းနေရာများသို့ ဝင်ရောက်သွားလာသည့် ပြည်သူများကို နှာခေါင်းစည်း တပ်ဆင်ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် အထောက်အကူဖြစ်စေမည်သာမက အခြား အမှုန်အမွှား၊ လေထု မှတစ်ဆင့် ပြန့်ပွားနိုင်သည့်ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်နိုင်ကြောင်း၊ အထက်ပါနေရာများ၌ အစားအစာစားသောက်ရန် အခြေအနေရှိလာပါက အထူးသတ်မှတ် ထားသူမဟုတ်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း သို့မဟုတ် သင့်လျော်သည့် အကာအကွယ် ပစ္စည်းရှိသည့်အနေအထား၌ စားသောက်စဉ်တွင် နှာခေါင်းစည်းကို ယာယီဖြုတ်ထား နိုင်ကြောင်း ထိန်းချုပ်ရေးစင်တာက ထပ်လောင်းရှင်းလင်း ပြောကြားသည်။


လူထူထပ်သည့် အဆောက်အအုံပြင်ပနေရာများ (ဥပမာ - အဆောက်အအုံပြင်ပ ရှုခင်းသာဇုန်၊ ကစားကွင်း၊ ညဈေး၊ ရိုးရိုးဈေး စသဖြင့်) သို့မဟုတ် အဆောက်အအုံပြင်ပ၌ ဆောင်ရွက်သည့် လူထုစုဝေးလှုပ်ရှားမှုများ (ဥပမာ - စီတန်းလှည့်လည်ခြင်း၊ ဘုရားပွဲ လှည့်လည်ခြင်း၊ နှစ်သစ်ကူးညပျော်ပွဲရွှင်ပွဲ စသဖြင့်) ၌ လူထုအား နေရာ သို့မဟုတ် ပွဲ၌ ဆက်တိုက် ထိရောက်စွာ ခပ်ခွာခွာနေထိုင်နိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်သူ သို့မဟုတ် နေရာစီမံသည့်အဖွဲ့အစည်းများအား “လူဦးရေ ကန့်သတ်ခြင်း” နည်းလမ်းဖြင့် စီမံထိန်းချုပ်ရန် အကြံပြုပါသည်။ ကိုယ်အပူချိန်တက်ခြင်း သို့မဟုတ် အသက်ရှူ လမ်းကြောင်းရောဂါလက္ခဏာ စသည့် ကိုယ်ခန္ဓာမအီမသာဖြစ်မှုများ ပေါ်ပေါက်ပါက အထက်ပါနေရာများသို့ သွားလာမှုအား ရှောင်ရှားရန်နှင့် ခပ်ခွာခွာနေထိုင်နိုင်ခြင်းမရှိချိန်၌ မိမိဘာသာနှာခေါင်းစည်းတပ်ထားရန် ပြည်သူလူထုအား ပန်ကြားအပ်ပါသည်။ လူထုစုဝေး လှုပ်ရှားမှုများ ကြီးမှူးကျင်းပသည့် အဖွဲ့အစည်းများသည် “ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များ - လူထုစုဝေးခြင်း” ကို မှီငြမ်း၍ အန္တရာယ်ကို အကဲဖြတ်သုံးသပ်ကာ သက်ဆိုင်ရာ ကပ်ရောဂါကာကွယ်ရေးအစီအစဉ်များ ချမှတ်ပြီး အမည်စာရင်းမှတ်တမ်းတင် စနစ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းကို အတတ်နိုင်ဆုံး ဖော်ဆောင်သင့်သည်။


၃။ ဆေးကုသမှု အခြေအနေအလိုက်တုံ့ပြန်ပြောင်းလဲရေး - အကြောင်းကြားခြင်းနှင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း မြှင့်တင်၍ ဆုပေးစံနှုန်း ချမှတ်မည်


ဆောင်းရာသီကာလအတွင်း ကိုဗစ်-၁၉ နှင့် ရာသီတုပ်ကွေးရောဂါကြောင့် ပြည်တွင်း ဆေးကုသရေးစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးနှစ်ခု မဖြစ်စေရန်အတွက် ဆောင်းရာသီ အထူးအစီအစဉ်၌ အကြောင်းကြားခြင်းနှင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း မြှင့်တင်ရေးကို အရေးကြီး ကပ်ရောဂါကာကွယ်ရေး မူဝါဒအဖြစ် သတ်မှတ်ထားကြောင်း၊ ထို့ပြင် အစီအမံကြီးလေးခုကို သုတေသနပြုချမှတ် မည်ဖြစ်ကြောင်း၊ ၎င်းအစီအမံကြီးခုမှာ ဆေးရုံဆေးခန်းများမှ ဥပဒေအရသတ်မှတ်ထားသော ကူးစက်ရောဂါ အကြောင်းကြားရေး တာဝန်ကို အကောင်အထည်ဖော်ဆောင်ရေး၊ “ပြင်ပလူနာဌာနနှင့် အရေးပေါ်လူနာဌာန များမှ ရပ်ကွက်အတွင်းရှိ အဆုတ်ရောင်ရောဂါလူနာများကို ဇကာတင်စစ်ဆေးမှု မြှင့်တင်ရေး” ၊ “ဆေးရုံတက်လူနာများအား ဇကာတင်စစ်ဆေးမှု မြှင့်တင်ရေး” နှင့် “ဆေးကုသစောင့်ရှောက်မှုပေးသူများအား ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ရေး” စသဖြင့် ဆုပေးခြင်း၊ အကြောင်းကြားခြင်းနှင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း စံနှုန်း ချမှတ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မှတစ်ဆင့် အကြောင်းကြားခြင်းနှင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း မြှင့်တင်ရန် သတိပေးရေး၊ ကိုဗစ်-၁၉ ဆိုင်ရာ ရောဂါလက္ခဏာများ မပြပါက အိမ်၌သီးခြားခွဲနေရေး / ရောဂါစစ်ဆေးပေးသူ၏ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာလုပ်ငန်း ကိုင်တွယ်ဆောင်ရွက်ပုံ လုပ်ငန်း စဉ်များကို ပြင်ဆင်သတ်မှတ်ရေး တို့ဖြစ်ကြောင်း၊ ကုသရေးဆရာဝန်မှ သတိကြီးကြီးထား၍ အကြောင်းကြားခြင်းနှင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း မြှင့်တင်ပြီး ရပ်ကွက်တွင်း သံသယလူနာများ စစ်ဆေးနိုင်ရန် အကြောင်းကြားခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့ မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဒေသခံအစိုးရအား ၎င်းအုပ်ချုပ်မှုဒေသ အတွင်းရှိ ဆေးရုံဆေးခန်းများကို တောက်လျှောက်စောင့်ကြည့် လမ်းညွှန်မှုပေးစေပြီး ဆေးရုံဆေးခန်းများ၏ ကပ်ရောဂါကာကွယ်ရေးရှေ့တန်းကို ခိုင်မာအားကောင်း စေမည်ဖြစ်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

နိုင်ငံတကာကပ်ရောဂါအခြေအနေ ဆက်တိုက်ပြင်းထန်နေကြောင်း၊ ထိုင်ဝမ်၏ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း ထိရောက်စွာ ထိန်းချုပ်နိုင်မှုရှိနေခြင်းမှာ နယ်စပ် ရောဂါစစ်ဆေး သူများ၊ ဆေးရုံဆေးခန်းများ၊ ဆေးကုသစောင့်ရှောက်မှုပေးသူများ စဉ်ဆက်မပြတ် မိမိ၏ လုပ်ငန်းတာဝန်၌ ခိုင်ခိုင်မာမာထမ်းဆောင်နေခြင်းနှင့် အစိုးရ၊ အရပ်ဖက်တို့ လက်တွဲ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံသားတို့၏ကျန်းမာရေးကို စောင့်ရှောက်ပေးနေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရ၏ ကပ်ရောဂါကာကွယ်ရေးအစီအမံအသီးသီး၌ ဆက်တိုက် ပူးပေါင်းပါဝင်၍ ဤရခဲလှသည့် ကပ်ရောဂါကာကွယ်နိုင်မှုရလဒ်ကို အတူတကွ ထိန်းသိမ်းရန် ပန်ကြားကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားပါသည်။


top