ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများ
သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများ
:::

ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ဆောင်းရာသီကာလ ကပ်ရောဂါကာကွယ်ရေးအထူးအစီအစဉ် အကောင်အထည်ဖော်ဆောင်မည်၊ ခရီးသည်များ အခြေအနေသုံးရပ်နှင့် ညီညွတ်ပါက ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှု (Nucleic Acid Test) ဆေးစစ်ချက် ပြရန်မလို

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/12/04
  • hit:388


နိုင်ငံတကာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ပြင်းထန်လျက်ရှိပြီး ခရစ္စမတ်နေ့၊ ဆောင်းရာသီကျောင်းပိတ်ရက်၊ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်တို့ မကြာမီရောက်ရှိ လာတော့မည့်အချိန်ကာလ၌ ထိုင်ဝမ်သို့ပြန်လာသည့် ခရီးသည်အရေအတွက် များပြားမည်ဟု ခန့်မှန်းရကြောင်း၊ လေယာဉ်တစ်စီးတည်းတွင် အတူလိုက်ပါ စီးနင်းလာသည့် ခရီးသည်များ၊ လေယာဉ်ဝန်ထမ်းများနှင့် ပြည်တွင်းလူနေရပ်ကွက်တို့ ကပ်ရောဂါကာကွယ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကပ်ရောဂါကာကွယ်ရေးအထူးအစီအစဉ် အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ထိုင်ဝမ်သို့လာရောက်မည့် ခရီးသည်များအား လေယာဉ်ပေါ်သို့မတက်ရောက်မီ သုံးရက်အတွင်းစစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှု (Nucleic Acid Test) ဆေးစစ်ချက် ပြသပေးရန် ပန်ကြားကြောင်း ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာ (Central Epidemic Command Center) က ၂၅ ရက်နေ့တွင် ပြောကြားသည်။

ထိုင်ဝမ်ပြင်ပ၌ ဆေးစစ်မှု ဆောင်ရွက်စေသည့် ရည်ရွယ်ချက်မှာ လေကြောင်းလိုင်း ကုမ္ပဏီအား လေယာဉ်ပေါ်သို့မတက်ရောက်မီ ခရီးသည်၏ တစ်ကိုယ်ရေကျန်းမာရေး အခြေအနေအကြောင်း သိရှိစေရန်၊ ခရီးသည်၏ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ အန္တရာယ်ရှိမှုအနေအထားအလိုက် လေယာဉ်ပေါ်၌ သင့်လျော်သည့် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုအန္တရာယ်အား လျှော့ချနိုင်ရန် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ဝင်ပြီးမှ ဓာတ်ခွဲနမူနာရယူစစ်ဆေးပါက ခရီးသည်အများအပြား လေဆိပ်၌သောင်တင်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးရန် စောင့်ဆိုင်းရမှုများ ဖြစ်လာနိုင်ပြီး ကူးစက်နိုင်သည့်အခွင့်အလမ်း များပြားလာနိုင်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

ခရီးသည်များမှ လေယာဉ်ပေါ်သို့မတက်မီ သုံးရက်အတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှု (Nucleic Acid Test) ဆေးစစ်ချက် မပြသနိုင်သော်လည်း အောက်ပါအခြေအနေသုံးရပ်နှင့် ညီညွတ်ပါက အရေးယူမည်မဟုတ်ကြောင်း ထိန်းချုပ်ရေးစင်တာက ထပ်လောင်းပြောကြားသည်။ (သက်ဆိုင်သူများမှာ ထိုင်ဝမ်နိုင်ငံသား၊ နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသော နိုင်ငံခြားသား နှင့် နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသော ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုမှ လာရောက်သူများ ဖြစ်ပါသည်။ ထိုင်ဝမ်မှတစ်ဆင့် လေယာဉ်ပြောင်းလဲစီးနင်းသည့် ခရီးသည်များနှင့် မသက်ဆိုင်ပါ။)

အရေးပေါ်ကူညီဖြေရှင်းပေးခြင်း - ဥပမာအားဖြင့် နာရေးကိစ္စ (ဒုတိယအဆင့် သွေးသားတော်စပ်သူ “second-degree relatives” များအတွက်သာ) ၊ ရောဂါအသည်းအသန်ဖြစ်နေသည့် ဆွေမျိုးအား သွားရောက်ကြည့်ရှုခြင်းကိစ္စ (ဒုတိယအဆင့်သွေးသားတော်စပ်သူ “second-degree relatives” များအတွက်သာ) ၊ အရေးပေါ်ဆေးကုသမှုကိစ္စ စသည်တို့၌ ခရီးသည်များသည် လေကြောင်းလိုင်းကုမ္ပဏီသို့ ရောက်ရှိကြောင်းသတင်းပို့စဉ် (check in) ကိုယ်တိုင်တာဝန်ယူအာမခံ၍ အထောက်အထားစာရွက်စာတမ်းများ (သေဆုံးကြောင်းအတည်ပြုစာ၊ ရောဂါပြင်းထန်ကြောင်း အကြောင်းကြားစာ၊ ဆေးကုသမှုမှတ်တမ်း စသဖြင့်) ပူးတွဲပြသပြီး လေကြောင်းလိုင်းကုမ္ပဏီ၏ စီစဉ်ပေးမှုအတိုင်း လေယာဉ်၏ သတ်မှတ်နေရာမှ လိုက်ပါစီးနင်းရမည်။ ပြည်ဝင်ချိန်၌ မိမိစရိတ်ဖြင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု ခံယူရမည်။ 

မိမိစရိတ်ဖြင့် စစ်ဆေးမှု မဆောင်ရွက်နိုင်သည့်နိုင်ငံများမှ လာရောက်ခြင်း - အိုရှန်းနီးယား (တူဗာလူးနိုင်ငံ၊ နီယူးအီးကျွန်း၊ ဖီဂျီ နှင့် တုံဂါ) စသည့်နေရာများမှ လာရောက်သည့် ခရီးသည်များသည် လေကြောင်းလိုင်းကုမ္ပဏီသို့ ရောက်ရှိကြောင်းသတင်းပို့စဉ် (check in) ကိုယ်တိုင်တာဝန်ယူအာမခံပြီး လေကြောင်းလိုင်းကုမ္ပဏီ၏ စီစဉ်ပေးမှုအတိုင်း လေယာဉ်၏ သတ်မှတ်နေရာမှ လိုက်ပါစီးနင်းရမည်။ ပြည်ဝင်ချိန်၌ မိမိစရိတ်ဖြင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု ခံယူရမည်။

ထိန်းချုပ်ရေးစင်တာ၏ သဘောတူညီချက်ရရှိထားသော  ဌာနဆိုင်ရာ အထူးကိစ္စရပ်များ - ဥပမာအားဖြင့် မဖြစ်မနေသွားရောက်ရသည့် အစိုးရရုံးလုပ်ငန်း၊ စီးပွားရေးဆိုင်ရာ ခရီးစဉ်တိုအတွင်း ပြည်ပ၌ သင့်လျော်သည့် ကပ်ရောဂါကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားသော ခရီးသည်များသည်  လေကြောင်းလိုင်းကုမ္ပဏီသို့ ရောက်ရှိကြောင်း သတင်းပို့စဉ် (check in) ကိုယ်တိုင်တာဝန်ယူအာမခံ၍ ခွင့်ပြုချက်ရရှိထားသည့် အထောက်အထားစာရွက်စာတမ်းများ ပူးတွဲပြသရမည်။ ထို့နောက် လေကြောင်းလိုင်း ကုမ္ပဏီ၏ စီစဉ်ပေးမှုအတိုင်း လေယာဉ်၏ သတ်မှတ်နေရာမှ လိုက်ပါစီးနင်းရမည်။ ပြည်ဝင်ချိန်၌ အထူးကိစ္စရပ်စိစစ်အတည်ပြုခြင်းဆိုင်ရာ ကပ်ရောဂါကာကွယ်စစ်ဆေးမှု အစီအမံအတိုင်း ဆောင်ရွက်ရမည်။

ခရီးသည်များမှ သုံးရက်အတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိစစ်ဆေးမှု (Nucleic Acid Test) ဆေးစစ်ချက် မပြသနိုင်၊ အထက်ပါအခြေအနေများနှင့်လည်း မညီညွတ်ဘဲ မိမိဘာသာ ထိုင်ဝမ်သို့ ပြန်လာပါက လေကြောင်းလိုင်းကုမ္ပဏီ၏ စီစဉ်ပေးမှုအတိုင်း လေယာဉ်၏ သတ်မှတ်နေရာ၌ လိုက်ပါစီးနင်း၍ ပြည်ဝင်ချိန်၌လည်း မိမိစရိတ်ဖြင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု ခံယူရမည့်အပြင် နောက်ဆက်တွဲ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ နစ်နာကြေး လျှောက်ထားခြင်း မပြုနိုင်ကြောင်း၊ ထို့ပြင် ကူးစက်ရောဂါကာကွယ်ကုသရေးဥပဒေ ပုဒ်မ ၅၈ နှင့် ပုဒ်မ ၆၉ အရ   ဒဏ်ငွေ ထိုင်ဝမ်ငွေ ၁၀၀၀၀ မှ ၁၅၀၀၀၀ အထိ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာဖြစ်ပြီး သူတစ်ပါးအား ကူးစက်မိပါက ရာဇဝတ်မှုဆိုင်ရာအရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ထိန်းချုပ်ရေးစင်တာက ရှင်းလင်းပြောကြားသည်။


top